ရဲစခန်းရဲ့အရေးပေါ်နံပါတ် (၉၁၁)တို့ (၁၉၉)တို့စတဲ့ နံပါတ်တေကို ဘယ်သူမဆိုဖုန်းခေါ်လို့ရပါတယ်။ အရေးပေါ်နံပါတ်တွေလိုသတ်မှတ်ထားတဲ့အတွက် ကိုယ်အခက်အခဲတခုခုရှိနေခဲ့ရင် အချိန်မရွေးဖုန်းဆက်လို့ရပါတယ်။ ဖုန်းဝင်သွားတာနဲ့ ကိုယ်ဖြစ်နေတဲ့အခက်အခဲကို ချက်ချင်းပြောပြပြီး၊ တည်နေရာကို ရဲတွေရောက်လာဖို့ အကူအညီတောင်းလို့ရပါတယ်။ မဟုတ်တာတွေ ဆက်ရင်တော့ အဖမ်းခံရနိုင်ပါတယ်။

တကယ်လည်း အဖမ်းခံရတဲ့ လူပေါ်လာပါပြီ။ နာမည်ကတော့ Huu Nguyen (ဟူငုယင်)လို့ ခေါ်ပါတယ်။ အမေရိကန်၊ တန်းဆက်ပြည်နယ်၊ မန်ဖစ်ဒေသခံ သတင်းစာ WREG ရဲ့ စက်တင်ဘာ (၃)ရက်နေ့က ဖော်ပြခဲ့တဲ့ သတင်းအရဆိုရင် ငုယင်ဟာ ရဲစခန်းကိုဖုန်းအကြိမ်တထောင်ကျော်လောက်ဖုန်းဆက်ခဲ့လို့ အဖမ်းခံခဲ့ရတယ်လို့ဆိုပါတယ်။ ရဲစခန်းရဲ့ အရေးပေါ်ဖုန်းနံပါတ်ဖြစ်တဲ့ (၉၁၁)ကို ငုယင်ဟာ အကြိမ် (၁၁၇၁)ကောလ် အထိဖုန်းခေါ်ခဲ့ပါတယ်။

ဖုန်းစခေါ်ခဲ့တာက ဇူလိုင် (၁၅)ရက်နေ့ကတည်းကပါ။ အဲဒီကာလအတွင်းကနေ စက်တင်ဘာ (၂)ရက်နေ့အထိ ဖုန်းတွေအားတိုင်းခေါ်ခဲ့ပြီး၊ အများဆုံးခေါ်ခဲ့တာက လစာထုတ်ပြီး စက်တင်ဘာ (၁)ရက်နေ့မှာ (၂၄၁)ကောလ်အထိခေါ်ခဲ့ပါတယ်။ နောက်ဆုံးအဖမ်းမခံရခင်နေ့မှာ (၃၂)ကောလ်ခေါ်ခဲ့ပါတယ်။ ဖုန်းခေါ်တိုင်းလည်း မေးတာက တစ်ခုပါပဲ။ သူ့ရဲ့ကော်ပြန့်လိပ်ကို စားဦးမလားဆိုပြီးတော့ပါ။

စက်တင်ဘာ (၃)ရက်နေ့မှာတော့ ငုယင်ကိုဖမ်းဖို့ ဖုန်းကိုခြေရာခံခဲ့ချိန်မှာ ရိုက်ဒ်ဝေးနဲ့ ၀င်ချက်စတာနားက ရှော့ပင်းစင်တာတခုမှာ တွေ့ခဲ့ပြီး၊ ဖုန်းတွေဆက်နေတဲ့ခဲ့ ဦးလေးကြီးကို ဖမ်းမိခဲ့ပါတယ်။ငုယင်ဟာ တကယ်ပဲကော်ပြန့်လိပ်ရောင်းတာလားဆိုတာကိုတော့ သတင်းမှာဖော်မပြထားပါဘူး။ ရဲစခန်းကိုတော့ ကော်ပြန့်လိပ်အားပေးပါဦးဆိုပြီး အကြိမ်(၁၀၀၀)ကျော်ဖုန်းဆက်ခဲ့တာတော့ အမှန်ပါလို့ဆိုပါတယ်။

အမေရိကန်မှာ ရဲစခန်းရဲ့အရေးပေါ် နံပါတ်ကို အကြောင်းပြချက်မရှိဘဲဆက်ရင် အဆင့်စီအဆင့်ရှိတဲ့ အသေးစားပြစ်မှုအဖြစ်မှတ်တမ်းဝင်ပါတယ်။ ဒါကြောင် ငုယင်တယောက် ပြစ်ဒဏ်ကျခံရမှာပါ။ ဘယ်လောက်အထိကျခံရမလဲမသိပေမဲ့ ကော်ပြန့်စားဦးမလားဆိုပြီး ရဲစခန်းကိုဖုန်းဆက်လို့ ဖမ်းခံရတယ်ဆိုတာကတော့ ငိုအားထက်ရယ်အားသန်ရတာအမှန်ပါပဲ။

Thu Yay – AwesomeMyanmar