တောင်တရုတ်ပင်လယ်ပြင်ထဲက တရုတ်စခန်းတွေရှိရာ ကျွန်းတွေအနီးကို ဖိလစ်ပိုင် စစ်လေယာဉ်တွေ စေလွှတ်တာဟာ နိုင်ငံရဲ့ အချုပ်အခြာ အာဏာကို ထိပါးစေတယ်လို့ တရုတ်နိုင်ငံက ပြောပါတယ်။

ဒါကြောင့် ဒီလို တရားမဝင် ရန်စတဲ့ လုပ်ရပ်တွေကိုရပ်ဆိုင်းဖို့ တိုက်တွန်းတယ်လို့လည်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရ Zhao Lijian က သောကြာနေ့ သတင်းစာ ရှင်းလင်းပွဲမှာ ပြောပါတယ်။

တရုတ်တို့ အခြေစိုက်ထားတဲ့ Spratly ကျွန်းတွေအနီးက ဝေဟင်ပိုင်နက်ကို ဖိလစ်ပိုင်ဘက်က စစ်လေယာဉ်တွေ စေလွှတ်နေတာက တရုတ်နိုင်ငံရဲ့ အချုပ်အခြာအာဏာနဲ့ လုံခြုံရေးကို အားနည်း ထိပါးစေကြောင်း၊ ဖိလစ်ပိုင်အနေနဲ့ အဲဒီလို တရားမဝင် ရန်စတဲ့ လုပ်ရပ် တွေကို အမြန်ဆုံး ရပ်ဆိုင်းဖို့ တရုတ်နိုင်ငံက တိုက်တွန်ကြောင်း တရုတ် ပြောခွင့်ရ Zhao Lijian က ပြောသွားတာ ဖြစ် ပါတယ်။

Philippine presidential candidate and Davao city mayor Rodrigo ‘Digong’ Duterte raises his fist while delivering statement during a campaign rally in Novaliches Quezon city, metro Manila April 23, 2016. REUTERS/Ezra Acayan
ကြာသပတေးနေ့တုန်းကတော့ နှစ်နိုင်ငံ အငြင်းပွားနေတဲ့ Scarborough သောင်ကျွန်းအနီး ဖိလစ်ပိုင် ငါးဖမ်းသမား တွေဆီက ငါးဖမ်း ပစ္စည်းတွေကို တရုတ်တို့ သိမ်းယူသွားတဲ့ကိစ္စအပေါ် ဖိလစ်ပိုင် နိုင်ငံက သံတမန်စာတစ်စောင်ပေးပို့ ကန့်ကွက်ခဲ့ပါတယ်။

ဒါ့အပြင် ပုံမှန်ကင်းလှည့်နေတဲ့ ဖိလစ်ပိုင် လေယာဉ်တွေကို တရုတ်တို့က ရေဒီယို အီလက်ထရွန်းလှိုင်းတွေနဲ့ အနှောက်အယှက် ပေးနေတာကို လည်း ကန့်ကွက်ခဲ့ပါတယ်။တရုတ် ကမ်းလွန်စောင့် တပ်တွေဟာ တစ်ခြားနိုင်ငံက စစ်လေယာဉ်တွေနဲ့ သင်္ဘောတွေ နိုင်ငံတကာ ရေကြောင်းလမ်းမှာ ဖြတ် ကျော် အသုံးပြုတိုင်း သတိပေးလာနေတာလည်း ဖြစ်ပါတယ်။

မဟာဗျူဟာကျတဲ့ တောင်တရုတ်ပင်လယ် ရေကြောင်းလမ်းတွေမှာ တရုတ်တို့ရဲ့ ရန်လိုတဲ့ လှုပ်ရှားမှုတွေကြောင့် အမေရိကန် ပြည်ထောင်စုနဲ့ မဟာမိတ်နိုင်ငံတွေက ဒေသတွင်း လုံခြုံရေး အခြေအနေတွေအပေါ် စိုးရိမ်မှုတွေ ပေါ်ထွက်နေချိန်မှာ ဖိလစ်ပိုင် နိုင်ငံက အခုလို ကန့်ကွက်ခဲ့တာလည်း ဖြစ်ပါတယ်။

Moe Win Oo (CRD)