ရ ခိုင်ပြည်နယ်၊ စစ်တွေမြို့တွင် COVID-19 ရောဂါ ကူးစက်မှုများ တွေ့ရှိလာပြီး ပိုးတွေ့လူနာ မြင့်တက်လာ သဖြင့် မန္တလေး-စစ်တွေ ပြေးဆွဲနေသော ယဉ်လိုင်းများကို သြဂုတ်လ ၂၀ ရက်ကစ၍ ယာယီရပ်နားခဲ့ကြောင်း မန္တလေးတိုင်းဒေသကြီး၊ အဝေးပြေးယာဉ်လိုင်းများကြီးကြပ်ရေးကော်မတီက သိရပါတယ်။

“မန္တလေးဘက်ခြမ်းကတော့ မနေ့ကတည်းက ခရီးစဉ်တွေအားလုံး ဖျက်သိမ်းလိုက်ပါတယ်၊ ကားလိုင်းတွေ ကလည်း နားမယ်ဆိုတဲ့အကြောင်း သူတို့သဘောနဲ့သူတို့ စာတင်လာကြပါတယ်၊ ရခိုင်ပြည်နယ်ကို ပြေးဆွဲ နေတဲ့ လိုင်းတွေအားလုံး ရပ်နားလိုက်တာပါ”ဟု မန္တလေးတိုင်းဒေသကြီး၊ အဝေးပြေးယာဉ်လိုင်းများ ကြီးကြပ်ရေးကော်မတီဥက္ကဋ္ဌ ဦးအောင်ကျော်လင်းက ပြောပါတယ်။

မန္တလေးမှတစ်ဆင့် ရခိုင်ပြည်နယ်သို့ မန္တလေးချမ်းမြရွှေပြည်ကားကွင်း(ကျွဲဆည်ကန်ကားကွင်း)မှ အဓိကပြေးဆွဲနေခြင်းဖြစ်ပြီး ယာဉ်လိုင်း ၁၀ လိုင်းရှိကြောင်း သိရပါတယ်။

“ကျနော်တို့အသင်းကတော့ မထွက်တော့ပါဘူး၊ မန္တလေးစစ်တွေကားသင်း အကုန်လုံးရပ်ထားတယ်လို့ တော့ သိရပါတယ်၊ သွားမယ့်ခရီးသည်တွေအတွက်တော့ ဘာမှစီစဉ်ပေးလို့ မရပါဘူး၊ ကြိုရောင်းထားတာ တွေကိုလည်း ပြန်အမ်းပေးနေပါတယ်”ဟု မန္တလာမင်းယာဉ်လိုင်းအသင်းမှ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

မန္တလေးတိုင်းဒေသကြီးအစိုးရအနေဖြင့် ရခိုင်ပြည်နယ်မှ မန္တလေးမြို့သို့ လာရောက်သော ယာဉ်လိုင်းများမှ ခရီးသည်များအနေဖြင့် Q ၂၁ ရက် နေထိုင်ရန်၊ မန္တလေးမြို့တွင် တစ်ထောက်နားပြီး အခြားမြို့များသို့ ဆက်သွားမည့် ခရီးသည်များကိုလည်း swab (covid-19 ရောဂါပိုးစစ်ဆေးရန် တို့ဖတ်) ယူရန် စီစဉ်ခဲ့သော်လည်း ယာဉ်လိုင်း ပြေးဆွဲမှုများ ရပ်နားလိုက်ပြီဖြစ်၍ အဆိုပါအစီအစဉ်ကို လုပ်ဆောင်တော့မည်မဟုတ်ဟု သိရပါတယ်။

“မူလအစီအစဉ်ကတော့ ဒီနေ့မနက်ကစပြီး ရခိုင်ဘက်က ဝင်လာတဲ့လိုင်းတွေက ခရီးသည်တွေကို Quarantine ထားဖို့နဲ့ ဓာတ်ခွဲနမူနာယူဖို့ စီစဉ်ထားတာပေါ့နော်၊ အခုတော့ ယာဉ်လိုင်းတွေက သူတို့ သဘောနဲ့သူတို့ ရပ်နားလိုက်ကြတယ်၊ ဒါကြောင့် မနေ့ညက အစည်းအဝေးပြီးနောက်ပိုင်းမှာ အထွက် လည်းမရှိဘူး၊ ဟိုဘက်ကနေ ဆင်းလာတာလည်းမရှိတော့တဲ့အတွက် လုပ်စရာမလိုတော့ဘူး ပေါ့”ဟု မန္တလေးတိုင်းဒေသကြီး COVID-19 ရောဂါဆိုင်ရာ သတင်းမှန်ပြန်ကြားရေးနှင့် သတင်းမှား ဖြန့်ဝေ သူများအား ရှာဖွေဖော်ထုတ်၍ သတင်းစောင့်ကြည့်ရေးအဖွဲ့ လုပ်ငန်းကော်မတီ ဥက္ကဌလည်း ဖြစ် ၊ မန္တလေးတိုင်းဒေသကြီးအစိုးရဖွဲ့၊ ရှမ်းတိုင်းရင်းသားရေးရာဝန်ကြီးလည်း ဖြစ်သော ဦးစိုင်းပန်းဆိုင်ကပြောပါတယ်။